Thursday, February 7, 2019

ပျိုးသောလက်နှင့် ရိတ်ရသည်သာ
သြလုလင်
ထိုနေ့ညက အမှောင်ရိပ်ကြောင့် လောကကြီးက ပိုတိတ်ဆိတ်နေသည်။…။

တစ်လမ်းဝင် တစ်လမ်းထွက် တစ်ရွေ့ရွေ့လျှောက်ရင်း သူ အလိုရှိသော အရာကို ရှာဖွေတာ မတွေ့သေးပါ။ နေရာတစ်ခုကို အရောက် သူ ရှာဖွေနေတဲ့ အရာကို ခံစားမိလို့ အနီးတစ်ဝိုက်ကို လှည့်ပတ်ကြည့်တော့ ကားသန့်သန့် တစ်စီးကို တွေ့ရ၏။

ကားထဲကနေ သူ အလိုရှိတဲ့ အငွေ့အသက်တွေ တစ်စွန်းတစ်စ ထွက်နေလို့ ကားအတွင်းဘက် မြင်ကွင်းကို လှမ်းကြည့်လိုက်သည်။ အရွယ်ခပ်လတ်လတ် အမျိုးသား တစ်ဦးနဲ့ မိန်းကလေး တစ်ဦးတို့ မွတ်သိပ်စွာ နမ်းရှုပ်နေကြသည်။

အမျိုးသားရဲ့ အနမ်းများ သူမ လည်ပင်းကနေ ပြည့်တင်းနေတဲ့ ရင်သားများပေါ်သို့ အရောက် နှစ်ယောက်လုံးရဲ့ ရမ္မက်ငွေ့လျှံတွေက ပိုများများလာသလို သူလည်း ဆာလောင်မှုတွေ များပြားလာ၏။

အခုဆိုရင် မိန်းကလေးရဲ့ အဝတ်အစားတွေ ဖရိုဖရဲဖြစ်ရုံမက သူမရဲ့ ပေါင်နှစ်ဖက်ကြားမှာ အမျိုးသားရဲ့ ဦးခေါင်း ရောက်နေလေပြီ…။ အဲဒီနောက် မိန်းမငယ်ရဲ့ အောက်နှုတ်ခမ်းကို ကိုက်ပြီး ညည်းလိုက်တဲ့ အသံညှင်းညှင်းလေး ထွက်ပေါ်လာသည်။

လူသားနှစ်ဦးရဲ့ ရမ္မက်စိတ်တွေကြောင့် ဖြစ်တည်လာတဲ့ အပြာရောင် စက်ဝန်းတွေ ကားတစ်စီးလုံးကို ဖုံးလွှမ်းသွားချိန်မှာ သူရှာဖွေနေတေဲ့ အရာကို တွေ့လိုက်ရသည်။

လူသားတွေရဲ့ စိတ်ခံစားမှုအလိုက် ကိုယ်တွင်းကနေ ထွက်လာတဲ့ ရောင်ခြည်တွေသည် သူတို့လို လောကသားများအတွက် တစ်ခုတည်းသော အာဟာရ ဖြစ်သည်။ ရာဂရောင်ခြည်များကို အားရပါးရ သုံးဆောင်ရင်း အချစ်ပွဲကို ဆက်ကြည့်နေမိ၏။

အခုဆို မိန်းကလေးရဲ့ လက်နှစ်ဖက်က အမျိုးသား ကျောကို ခပ်တင်းတင်းဖက်ထားတဲ့အပြင် အသားစိုင်တွေရဲ့ ရိုက်ခတ်မှုက တဖြည်းဖြည်းနဲ့ ပိုပြီးပြင်းထန်လာနေသည်။

အဲဒီအချိန် သူ့အနားကို အနက်ရောင်တစ်ကောင် ရောက်လာပြီး

“ဟုတ်ပြီ အဲဒါဘဲ ငါလိုချင်တာ အဲဒါ”
“ပန်းထုတ်လိုက် ပန်းထုတ်လိုက်”
“ဟားဟဟ”

ထူးဆန်းတဲ့ အနက်ကောင်ကို အချင်းချင်း မြင်နေရတော့ လောကသားအတူတူမှန်း သိသည်။ သို့သော် သူနဲ့ မျိုးနွယ် မတူတာတော့ အမှန်ပင်။ သူ အကဲခတ်နေမှန်းသိတော့

“မင်းကို မနှောင့်ယှက်ပါဘူး။ စိတ်ညစ်ညူးစရာတွေသာ ငါနဲ့ ပတ်သက်တာပါ ဟဲဟဲ”

ဒီကောင် မုသားများ ဆိုသလား?? ရှေ့က စုံတွဲက အချစ်ပွဲနွှဲနေလျက်နဲ့ လောကကြီးကို မေ့နေကြတာ စိတ်ညစ်ဖို့ဆိုတာ အဝေးကြီး။

“သူတို့ဆီမှာ ရာဂတွေက လွဲလို့ ကျန်တာတော့ မတွေ့မိပါလား”
“ဟားဟ မင်းကို ကြည့်ရတာ ငါတို့လောကကို ရောက်တာ မကြာသေးဘူးထင်ပါရဲ့”
“ဟုတ်တယ် သိပ်မကြာသေးဘူး”
“အချိန်ရရင် အတူလိုက်ခဲ့ပါလား။ မင်း မသိသေးတာတွေလည်း သိသွားနိုင်တာပေါ့”

စုံတွဲနှစ်ဦးကို ကြည့်လိုက်တော့ အဝတ်အစား သပ်သပ်ရပ်ရပ် ဖြစ်နေပြီ။ သူလည်း လုံလောက်တဲ့ အာဟာရ ရပြီးပြီမို့ အနက်ကောင်ရဲ့ ဖိတ်ခေါ်မှုကို သူ မငြင်းတော့ဘဲ အတူလိုက်ဖို့ ဆုံးဖြတ်လိုက်၏။

တိုက်ခန်းတွေအောက်မှာ ကားရပ်သွားပြီး မိန်းကလေး အပေါ်တက်သွားတဲ့ အထိ သူတို့နှစ်ယောက် စကားတစ်ခွန်းမှ မဆိုမိချေ။ မိန်းကလေးရဲ့ အခန်းထဲအထိ လိုက်လာပေမယ့် မိန်းကလေး အိပ်ရာဝင်ချိန်အထိ ဘာမှ မထူးခြားသေး…။

သူ စိတ်မရှည်တော့လို့ အခန်းထဲက ထွက်မယ်အပြု အနက်ကောင်က လှမ်းဆွဲထားပြီး

“ခဏနေမှ မထူးခြားရင် အတူတူပြန်တာပေါ့”

အဲဒီအချိန်မှာဘဲ ဖုန်းဝင်လာသည်။

“ဟဲလို…”
“–@@&$”
“$#@******-”
“အင်း စိတ်ချရပါတယ် ပြီးခဲ့တဲ့ တစ်ပတ်က လာပြီးသွားတာလေ”
“#%&$–$”
“$#@**@!:***-”
“ချစ်တယ် ဂွတ်နိုက်”

အနက်ကောင်ရဲ့ မျက်နှာမှာ အပြုံးရိပ်တွေက အထင်းသား။ သူကတော့ ဘာမှ နားမလည်သဖြင့်

“စိတ်ဝင်စားစရာတွေ က ဘာမှလည်း မထူးခြားပါလားဗျာ”
“ဟားဟ အေးပါလေ ဟိုနားက ပန်းခြံကိုရောက်ရင် ပြောပြမယ်”

ပန်းခြံထဲက ထိုင်ခုံရှည်မှာ နေရာယူပြီးသည့်နောက် အနက် ကောင်က

“ကားထဲမှာ လိင်ဆက်ဆံတုန်းက သူတို့တွေ ဘာမှ မကာကွယ်ခဲ့ဘူး။ အခု ဖုန်းထဲမှာလည်း ရာသီရက်ကို စိတ်ချရတယ် ပြောနေတယ်။ တကယ်တော့ ကောင်မလေးရဲ့ ရာသီလာရက်က ပုံမှန်မဟုတ်ဘူး။ ဒီအတိုင်းသာ ဆက်သွားနေရင် ငါ့ရဲ့ အကျဉ်းသားတွေ ဖြစ်လာတော့မှာပါ”

“ဘယ်လို ဖြစ်မှာတုန်း”

“ကောင်မလေးက စိတ်ချရတယ် ဆိုပြီး ပေါ့ပေါ့နေမယ်။ တားဆေးလည်း မသောက်ထားဘူးဆိုရင် မတော်တဆ ကိုယ်ဝန် ရှိသွားလိမ့်မယ်။ ကိုယ်ဝန်ကို တားဆီးဖို့ ကြိုးစားကြရင် ကောင်မလေးလည်း အသက်သေသွားလိမ့်မယ်”

“အခု ပြောသမျှတွေက ခင်ဗျားရဲ့ ခန့်မှန်းချက်သက်သက် မဟုတ်လား”

“အကြောင်းအရာ အဖြစ်အပျက်တိုင်းမှာ ရွေးချယ်ခွင့်ဆိုတာ ရှိတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ အရာကနေ ဘယ်ရလဒ် ထွက်လာသည် ဖြစ်စေ ကိုယ်တိုင်သာ ခံယူရတယ်။ ဘယ်လမ်းကိုရွေးရင် ဘယ်ရောက်မယ်ဆိုတာ ကံတရားက အားလုံးအတွက် သတ်မှတ်ထားပေးပြီးသား…။

ကောင်မလေးက ဒီနှစ်ထဲမှာ သွေးထွက်လွန်တဲ့ ရောဂါနဲ့ သေဖို့ ကံပါတယ်။ အခုလိုဆိုတော့ ကိုယ်ဝန်ပျက်ကျသေဖို့ ပိုများတာပေါ့။ ဒါပေမယ့် ကောင်မလေးသာ သတိထားပြီး ဆင်ခြင်မယ်ဆိုရင်တော့ တခြားအကြောင်းအရာနဲ့ သေချင်သေမှာပေါ့လေ…။

လူဆိုတာ သတိလက်လွတ်နဲ့ ပေါ့ပေါ့နေတတ်တဲ့ သတ္တဝါတွေ များတယ်ကွာ။ ဒါကြောင့်လည်း လောကကြီးမှာ စိတ်သောက ရောက်နေတဲ့ လူတွေ များပြီး ငါ့အတွက် သားကောင် မရှားတာပေါ့။”

“ခင်ဗျားအတွက် အကျိုးအမြတ်က ??”

” ငါ့ရဲ့ အာဟာရက သောကတွေလေ…။ မင်း စဉ်းစားကြည့်စမ်းပါ။ ခုနက အတိုင်းသာ ဖြစ်လာခဲ့ရင် အဲဒီလူတွေရဲ့ စိတ်သောကတွေ ညစ်ညူးမှုတွေ ဘယ်လောက်များလာမလဲဆိုတာ အဟတ်”

သူစိတ်ရှုပ်စွာ မေးမိသည်။

“ခင်ဗျားက ဘယ်သူလဲ”

“ဝိညာဉ်နှုတ်တဲ့သူ”

အနက်ကောင်က ဂုဏ်ယူသော မျက်နှာဖြင့် ပြန်ဖြေလိုက်သဖြင့် နည်းနည်းတော့ အံ့အားသင့်သွားသည်။ သို့သော် သိပ်မယုံချင်သေးသဖြင့်

“ခင်ဗျားဟာက ဟုတ်ပါ့မလား”
“မယုံရင် စောင့်ကြည့်ပေါ့ကွာ”
“ကောင်းပြီလေ…”

အဲဒီနေ့ကစပြီး ကားပေါ်က စုံတွဲနှစ်ဦးနောက်သို့ သူ အမြဲလိုလို လိုက်ကြည့်မိသည်။ ဘာဆက်ဖြစ်မလဲ သိချင်တဲ့စိတ်ပါသလို သူ့အတွက် အာဟာရလည်း သုံးဆောင်နိုင်သဖြင့် အရှုံးမရှိချေ။

နောက်သုံးလခန့်တွင် မိန်းကလေးက ဆီးစစ်သည့် ကိရိယာကို ကြည့်ကာ စိတ်သောကများနှင့် စိုးရွံ့နေချိန်တွင် အနက်ကောင် က အခန်းထဲတွင် လှည့်ပတ်ကနေလေသည်။

မိန်းကလေးမှာ ကိုယ်ဝန် ရှိကြောင်း သေချာသွားတော့ အမျိုးသားကို ဖုန်းဆက်ပြီး

“ကိုကို…”
“$%&*#@-%#%*”
“-*&%$#$@%&!##”
“အဲဒါ ကိုယ်ဝန်ရှိနေပြီထင်တယ်”
“$%&*#@-%#%*”
“#$@%&!##”

အမျိုးသားက မိန်းကလေးကို ကိုယ်ဝန်ဖျက်ချရန် တိုက်တွန်းသည်။

“ကို့မှာ မိသားစုရှိတယ်။ ကလေးယူလို့ မဖြစ်ဘူး။”
“ချစ်လေးကို လက်ထပ်လိုက်ရင် ချစ်လေး မျက်နှာငယ်ရမှာ”
“ဖျက်ချဖို့ သဘောတူရင် ကိုအားလုံးတာဝန်ယူတယ်”

အမျိုးမျိုးလှည့်ပတ် သိမ်းသွင်းမှုကြောင့် မိန်းကလေးလည်း ရွေးချယ်စရာ လမ်းမရှိသဖြင့် လက်ခံလိုက်သည်။

အမျိုးသား ကိုယ်တိုင် လိုက်ပို့သောနေရာတွင် မိန်းကလေးလည်း ကလေးဖျက်ချရန် ကြိုးစားသည်။ ဒါပေမယ့် သားအိမ်ထိမိပြီး သွေးတွေ အထွက်လွန်လာသည်။ ဗဟိုအမျိုးသမီးဆေးရုံကို ပို့သော်လည်း အချိန် မမီတော့။ ဆေးရုံရောက်သည့် အချိန်မှာဘဲ မိန်းကလေး အသက်ထွက်သွားပြီး အနက်ကောင်ရဲ့ ခေါ်ဆောင်ရာနောက်သို့ ပါသွားလေတော့၏။

လူမှုမီဒီယာတွေ အားကောင်းနေတဲ့ ခေတ်ဖြစ်သည့်အတွက် အမျိုးသားရဲ့ ဇနီးသိရှိသွားသည့်နောက်…

အခု အဖြစ်အပျက်ကို သူတွေးကြည့်မိသည်။ အကယ်၍သာ စိတ်ချရမယ့် လိင်ဆက်ဆံမှုကို စုံတွဲနှစ်ဦး ရွေးချယ်ခဲ့ရင် ထိုည၏ နောက်ဆက်တွဲ အဖြစ်အပျက်များက တစ်မျိုး ဖြစ်သွားနိုင်သည်။ ဘာဖြစ်သွားမလဲ သူ သိချင်မိသည်။ အနက်ကောင်နှင့် သူထပ်တွေ့ဖြစ်ရင် မေးရပေဦးမည်။

(စာကြွင်း။ ရာသီရက်တွက်၍ သားဆက်ခြားနည်းကို ရာသီမမှန်သူ ၊ အဖော်များသူ ၊ မှတ်တမ်းမထားသူ၊ ကိုယ်ဝန်မဆောင်သင့်သောရောဂါရှိသူ ၊ ကိုယ်ဝန်ဖြစ်လာမှာစိုးရသူများ မသုံးသင့်ပါ။ မတော်တဆ ကိုယ်ဝန်ရနိုင်နှုန်းမှာ အမြင့်ဆုံးဖြစ်သည်။)

No comments:

Post a Comment