Saturday, January 26, 2019

အဆောင်သူ အဆောင်သူ အဆောင်သူ (ဇာတ်သိမ်းပိုင်း၎)

အဆောင်သူ အဆောင်သူ အဆောင်သူ (ဇာတ်သိမ်းပိုင်း၎)
♥♥♥♥♥♥♥♥♥♥♥♥♥
ရေးသူ - နရသူ
_________
ဒါတွေပြန်မတွေးချင်ဘူး
ဒဏ်ရာတွေ
ငါ့ကျိန်စာတွေ
အပေအတေနေ့တွေဟာ
မှောင်နေတဲ့မိုးတိမ်လိုပဲ
စိတ်ကိုအုံ့ဆိုင်းစေတယ်
ငါ့အလွမ်းညို့ညို့တောအုပ်ထဲ
မင်းကိုယ်ငွေ့လေးစွန်းထင်းပေကျံဆဲ
အတိတ်ဟာ
ငါ့ကိုတမြေ့မြေ့လှိုက်လောင်စားတယ်
ယန္တရားအပျက်ထဲ
ငါသေခဲ့တာကြာပြီပဲ။    ။
______________
နရသူ

(အချစ်တက္ကသိုလ်)

……

ပြန်မတွေးချင်ပါ။ တွေးလိုက်တို်င်း ဝေဒနာတို့ အသစ်ဖြစ်လာဆဲ။ တစ်ဘဝစာခိုနားခွင့်ရသည့်ခန္ဓာသည် စစ်စစ်တော့ ယိုယွင်းပျက်စီးလျက်ရှိလေသော ယန္တရားတစ်ခုသာပင်။

မည်းနက်မိုးတိမ်များ ပိန်းပိတ်မတတ် မှောင်ဆဲ။ စိတ်အစဉ်ကို ထာဝရ လွှမ်းမိုး အုံ့ဆိုင်းစေလျက်။

ခွဲခွာခြင်းကို ဘာနှင့်ပြန်အစားထိုး ပေးနိုင်ပါမည်လဲ။

အဆောင်သူရယ် …

ကျိန်စာဒဏ်ရာဒဏ်ချက်နဲ့ အမှောင်ထူပိန်းနေခဲ့။ အပေအတေနေ့တွေထဲ အနားနားမင်းမရှိပေမယ့် ကိုယ်ငွေ့လေး စွန်းထင်းပေကျံဆဲ ပါကွယ့်။

………

ကျောင်းတွေပြန်ဖွင့်တော့မည်။ ဒီသတင်းစကားကြောင့် အားတက်ပြီး ရနောင်း ထိုမှတစ်ဆင့် ဖန်ပလာဆိပ်ကမ်းကနေ ပါချန်မြစ်ပြင်ကို ဖြတ်ကျော်ကာ မှီရာစက်လှေစီး၍ အိမ်ပြန်လာခဲ့သည်။ နေရစ်တော့ ပါချန်ရေ …နေရစ်တော့ ယပက်လက်ရေ … ။ နောင် ပြန်တွေ့မယ် ဆိုရင်တောင် တုံးအောက်ကဖားလို မင်းတို့အောက်က ခေါင်းငုံ့ရတဲ့ငါ မဖြစ်လိုတော့ပြီ။ ဖြစ်နိုင်လျှင် ဆဝါဒီခပ် ဆိုတဲ့အစား အောင်ဇေယျသွေးဟဲ့ ဆိုပြီး ဗမာဆန်ဆန် လက်ခမောင်းပဲ တဖြောင်းဖြောင်း ထခတ်ပြလိုက်ချင်တော့သည်။

ယပက်လက်နယ်မှာ တစ်ချီတစ်မောင်းဖြစ်ဖြစ် လက်ရုံးအစွမ်း ပြလိုက်ချင်သေးတော့သည်။

နေရစ်တော့ ဆဖန်ပလာ … နေရစ်တော့ ပါချန်ရေ … နေရစ်တော့ တိုယိုတာ … နေရစ်တော့ ဆစ်ဖ်ကို SIFCO … နေခဲ့တော့ ပုစွန်ခြောက်ရုံ ငါးခြောက်ရုံ ပါကိုင်ရုံ … ပါကဗင်(ပါဗင်) ပါကွတ် ပါကျွက် ငါတို့ရေကဖြစ်တဲ့ ရွှေတွေ … မိုးထဲရေထဲ နေ့ညမရှောင် လှေဝင်ချိန်စောင့် ငါးရွေးတဲ့ဘဝတွေ အလုပ်ခွင်ဝင်ဖို့ လူစုတဲ့ အချက်ပေးဘဲလ်သံဟာ ငရဲခေါ်သံအလား ထင်မှတ်မှားရတဲ့ အိပ်ရေးမဲ့ သွေးပျက်ညဆိုးတွေ … ချန်ခဲ့တော့ ထားလိုက်တော့ ထားခဲ့တော့။ နောက်တစ်ခါ မကြုံလို မမြင်လိုတော့ပြီ။ လူသူမသိတဲ့ အနှိမ်ခံဘဝက ငါ ရုန်းထွက်လာခဲ့ပြီ။

မိသွယ်နှင့် ပြန်တွေ့ခွင့် ရတော့မည်။ ပြန်ဆုံရင်တောင် အရင်လို အကြင်နာစကားတွေပြောနိုင်ပါမည်လား။

မသိ။ ကျွန်တော် မသိပါ။ သိစရာလည်း မလိုအပ်ပါ။ အချိန်တွေ ဒီလောက်အကြာကြီး ခွဲခဲ့ရမှတော့ တစ်စုံတစ်ရာ အပြောင်းအလဲ တော့ဖြင့် မဖြစ်ဘူးလို့ မပြောနိုင်ပါပြီ။ ဘယ်အရာမှ သေချာသည်မရှိပါ။ ကျွန်တော်ကိုယ်တိုင်လည်း မသေချာပါ။ ကျွန်တော်အနေနှင့်က မျှော်လင့်ဆုတောင်းရုံမှ တစ်ပါး အခြား ဘာမှမရှိပါပြီ။

ကျွန်တော် ကြိုတင်တွက်ဆမိခဲ့သည့်အတိုင်းပင် မျှော်လင့်မထားသော အခြေအနေတစ်ခုက လမ်းခွတ်လတ်ကနေ ကျွန်တော့်ကို ကောင်းစွာ စောင့်ကြိုနေပေသည်။

မိသွယ် …

မသိင်္ဂီ …

မသိင်္ဂီကား မရှိတော့။ ဘာသတင်းအစအနမှ မကြားရတော့။ လုံးလုံးကြီး စုပ်စမြုပ်စပျောက်ပြီး သူမသေသည်ရှင်သည်ကိုပင် မသိနိုင်တော့ပြီ။ ဒီအချိန်ဒီကာလမှာ ဒီနည်းနှင့်ပျောက်ကွယ်သွားသူတွေလည်း မနည်းပါပြီ။ ကျွန်တော့်ရဲ့မိသွယ် (အေးမြသွယ်)သည်ပင် ကျွန်တော်မျှော်လင့်သလို အသက်ရှင်လျက်မှ ရှိပါလေစ။ ရန်သူမျိုးငါးပါးအနက် တစ်ပါးပါးနှင့်တွေ့ခဲ့သည်ရှိသော် မခက်တုံလော။

မိသွယ် … ကျွန်တော့်ရဲ့ သိပ်ချစ်ရပါသော မိသွယ် …
သူကလေးကား … ။

ကျောင်းဖွင့်ရက်အစ။

ပထမနေ့။

ကံ့ကော် စိန်ပန်း ရနံ့ထုံလွှမ်းသည့် အဓိပတိမည်သော လမ်းကလေးအတိုင်း လျှောက်လာရင်း မိမိနှင့်အတန်ကြာမျှ စိမ်း၍နေသော ပတ်ဝန်းကျင်ကို ဟိုဒီငေးမောကြည့်လာသည်။ မိတ်ဆွေဟောင်း တစ်ယောက်စနှစ်ယောက်စပြန်တွေ့ မေးထူးခေါ်ပြော ပဋိသန္ဓာရစကားများ ပြောဆိုနှုတ်ဆက်၍ ကိုယ်တက်ရမည့် ကျောင်းခန်းမဖက်ဆီ အသာပင်လှည့်ထွက်လာခဲ့လိုက်သည်။

ကင်န်တင်းလည်း မသွားလို။ ဘာမှလည်း မစားချင်သေး။ ဘယ်သူဘယ်ဝါနှင့်မှလည်း စကားလက်ဆုံ မပြောလိုသေး။ အတွေးတွေ ဝေဝါးရှုပ်ထွေးကာ လူက ဗိုက်မဆာသလိုတောင် ဖြစ်နေမိခဲ့သည်။ သတိရတာလား တမ်းတတာလား ဘာရယ်ညာရယ်မသိ။ ဘာမှ ရေရေရာရာ မပြောနိုင်။ တစ်ခုပြောနိုင်သည်က မိမိကိုယ်တိုင်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အူကြောင်ကြောင် ဖြစ်လို့နေသည် ဆိုခြင်းပင်တည်း။

ရှုပ်ထွေးခက်ခဲလှသော အချိုးအကွေ့ဖြတ်သန်းမှုများက လူကိုပင် အူတူတူကြောင်တောင်တောင် ဖြစ်နေစေသည်။ မိမိကိုယ်မိမိလည်း ကျောင်းသားလော အရပ်သားလော ဇဝေဇဝါဖြစ်မိတာအမှန်ပင်။

မိန်းထဲဝင်ပြီး ကိုယ်တက်ရမည့်အတန်းနှင့် အချိန်ဇယားကို ရှာကြည့်ရင်း အသိအကျွမ်းတစ်ယောက်တစ်လေများ တွေ့လိုတွေ့ငြား ဦးတည်ရာမဲ့ ဟိုဟိုဒီဒီ ကွေ့ပတ်လျှောက်နေမိသည်။ ကျောင်းတက်ဖို့လည်း စောလွန်းနေသေးသည်။ တကယ်က အရင့်အရင် အချိန်တွေ တုန်းကဆိုလျှင် အနားပင်မသီခဲ့သော ပတ်ဝန်းကျင်ပင်ဖြစ်သည်။ ကျောင်းတက်ချိန်ထက် ကျောင်းပျက်ချိန်တွေကသာ ပိုများနေခဲ့သည်။ ကိုယ့်ကိုယ်ကိုယ်လည်း တတိယနှစ်တက်ကာစ ကျောင်းပါးဝလာသည့် ပီဘိတက္ကသိုလ်ကျောင်းပျော် လူလည်ကြီးတစ်ယောက်လို့ ထင်မှတ်မှားခဲ့မိသည်။

ယခုတော့လည်း အချိန်ကာလသည် ရပ်တန့်မနေကြောင်း လက်တွေ့သင်ခန်းစာကောင်းကောင်းရခဲ့ပြီမို့ မပြီးဆုံးဖြစ်လိုက်သည့် တတိယနှစ်စာသင်တန်းကို အပြေးအလွှားပြန်တက် တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားဘဝကို အဓိပ္ပါယ်ရှိရှိဖြတ်ကျော်ပြီး အမြန်ဆုံးဘွဲ့ရ အလုပ်ခွင်ထဲရောက်ဖို့ကိုသာ အာသီသပြင်းပြလျက် ရှိပေတော့သည်။

မိမိတို့အတွက် အချည်းနှီး အလဟဿ လေလွင့်ဆုံးရှုံးခဲ့ချိန်တွေ များပြားလွန်းပြီး ဘဝသက်တမ်းတစ်ဝက်တာခရီးကိုပင် ချဉ်းနင်းဝင်ရောက်စပြုနေပြီဖြစ်ကြောင်း အချိန်ပြည့်ပင် အချက်ပေးခေါင်းလောင်းထိုးလျက်ရှိနေပေပြီ။

အော် …

ရှုပ်ထွေးနက်နဲထွေပြားလွန်းလှသည့် ကျဉ်းထဲကြပ်ထဲ ချောက်ထဲရောက်လုလု ကံဆိုးမိုးမှောင်ကျသည့် ကာလအပိုင်းအခြားတစ်ခုကို ကျွန်တော်တို့အားလုံး ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်လွန်မြောက်ခဲ့ရပြီး မကြီးမငယ် ဆယ်ကျော်သက်အရွယ် ကျော်လွန်ချိန်ကျမှ တစ်စတစ်စနိမ့်ပါးကျဆင်းကာ အင်နာဂျီလျော့နည်းလို့လာသည့် ခနော်နီခနော်နဲ့ ဦးနှောက်အပျက်ထဲက မှတ်ဥာဏ်ကို လုံးလုံးလျားလျား အားကိုးအားထားပြုကာ ယခင်ကကျောင်းသားဘဝကို နောက်ကျစွာ ပြန်လည်ဖြတ်သန်းရသည့်ဒုက္ခကား မသေးလှပါတကား။

Theatre ကိုကျော်လွန်လာပြီး Practical LAB တွေဖက်လျှောက်ကြည့်သည်။ မိမိနှင့်ရင်းနှီးခဲ့သည့် အငွေ့အသက်ကို ပြန်ရသည်။ ကော်ရစ်ဒါထောင့်ချိုးတစ်ခုကို အကွေ့မှာ ဝုန်းကနဲ တစ်စုံတစ်ယောက်နှင့် ထိတိုက်မိရာက ကျွန်တော့်ခြေလှမ်းတွေ ဒယီးဒယိုင် ယိမ်းထိုး ရပ်တန့်လို့ သွားရသည်။

"ဆော … ဆော ရီးး …"

နှစ်ဦးပြိုင်တူ နှုတ်မှနေ၍ အသံထွက်သွားမိကြပြီးမှ တစ်ယောက်ကိုတစ်ယောက် အမြင်အာရုံများ မှောက်မှားမိလေသလားလို့ အသေအချာ ပြန်ငေးစိုက်ကြည့်မိကြသည်။

"အို … "

"ဟင် … ကို … ကို …  ဟို … "

"သွယ် … မိသွယ် … အေးမြသွယ် "

ကျွန်တော့်ရဲ့ သူမ … မိသွယ် … သူမ မှ သူမအစစ်။

မိသွယ်ရဲ့ ကျွန်တော့်ကို "ကို " လို့ တမ်းတမ်းတတ ရေရွတ်မြည်တမ်းလိုက်သော အသံကလေးကို အသင်ကြားမိပါစ။ ဒီအသံကလေးကြောင့် ကျွန်တော့်ရင်မှာ ဘယ်သို့ဖြစ်ပေါ်ခံစားရလိမ့်မည်ဟု သင်ထင်မြင်မိသနည်း။

သင့်ထင်မြင်ချက် မမှားဘူး ရယ်လို့သာ ကျွန်တော်ပြောပါမည်။

တစ်ယောက်လက်တစ်ယောက်ဆွဲကိုင်၍ လွမ်းလွမ်းဆွတ်ဆွတ် စကားတွေပြောမကုန်အောင်ဘဲရှိကြသည်။ ကော်ရစ်ဒါထောင့်မှာ စကားတွေပြောကြသည်။ ကွဲကွာနေခဲ့သည့်နေ့ရက်များအတွက် အတိုးချပြီး မိမိတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မှန်သမျှကို တစ်ဦးကိုတစ်ဦး ရင်းနှီးလွန်းစွာဖြင့် အပြန်အလှန် နတ်သံနှော၍ ပြောပြကြသည်။

လွမ်းမကုန်ဆွေးမကုန် သံယောဇဉ်မပြယ်နိုင်သော အကြည့်စူးစူးကလေးများက အမျိုးအမည် ဖော်ပြခြင်းငှါမစွမ်းသာသော သမုဒယနှင့် စပ်လျဉ်းသည့် ဝေဒနာတစ်ရပ်ကို လှိုက်လှဲပြင်းပြစွာဖြင့် တနုံ့နုံ့ဖြစ်ပေါ်ခံစားရစေပါသည်။ မိသွယ်ဆိုသော သူမနှင့် နှစ်ကာလရှည်ကြာ ပတ်သက်ဆက်ဆံဖူးခဲ့သမျှကို တစ်ကွက်ချင်းတစ်ကွက်ချင်း ဖလင်တိတ်သားပေါ်မှ မေ့ဖျောက်နိုင်ဖွယ်ရာမရှိသည့် အမှတ်တရပုံရိပ်များ ပမာ အရာရာကို မချွင်းမချန်  ပကတိအတိုင်း ပြက်ပြက်ထင်ထင် ပြန်လည်၍ ထင်ယောင်မြင်ယောင်မိလာစေသည်။

သို့ပေမယ့် …

နှစ်ဦးစလုံးရင်ထဲမှာ သိသာထင်ရှားစွာ ခံယူမိသည့်အချက်က မိသွယ်နှင့်ကျွန်တော် တစ်ယောက်နှင့်တစ်ယောက် ဒီဘဝဒီအခြေအနေနှင့် ဘယ်လိုမှ ပြန်မဆုံစည်းနိုင်တော့လောက်အောင် ထာဝရ စည်းခြားခဲ့ရပြီ ဆိုခြင်းကိုပင်တည်း။

မှန်သည်။

ကျောင်းရက်ရှည်ပိတ်ပြီး ကျွန်တော်နှင့်ကွဲကွာနေခဲ့ရသည့်နေ့ရက်များအတွင်း မိသွယ်တစ်ယောက် သူ့ဘဝသူ့အနေအထားအရ သူတို့ ရွာနီးချုပ်စပ်မှ သက်တူရွယ်တူ ကောင်လေးတစ်ယောက်နှင့် နီးစပ်ပတ်သက်ရာမှအစပြု၍ နှစ်ယောက်သား အိုးချင်းထိကြိုးချင်းငြိ အဖြစ်သို့ ရောက်ရှိကာ တဖြည်းဖြည်းခရီးနယ်လွန်ကျွံမိကြရင်း အိမ်ထောင်ရက်သားကျသည်အထိဖြစ်ခဲ့ပြီး ယခုဆိုလျှင် ဗိုက်ဖုံးအင်္ကျီ တကားကားနှင့် တက္ကသိုလ်တတိယနှစ် ကျောင်းသူတစ်ပိုင်း အိမ်ထောင်ရှင်မတစ်ပိုင်းဘဝကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပေတော့သည်။ သူမကိုယ်ဝန်ပင် သုံးလေးလမကရှိကာ ဗိုက်ကြီးက သိသိသာသာကြီး အရှေ့ကို စူထွက်နေပါပြီ။

ကျွန်တော့်အဖို့ရာမှာလည်း သူမနှင့်ပတ်သက်မိသမျှ အချိန်ကာလတိုက်စားမှုကြောင့် အတော်အတန်သွေးအေးခဲ့ပြီဖြစ်ရကား ဤမျှနှင့်ပင် ကျေနပ်ရပေတော့မည်။

တတိယနှစ်မကုန်ဆုံးခင်မှာပင် မိသွယ်တစ်ယောက် အိမ်ပြန်ခဲ့ရပြီး များမကြာမီ သားလေးတစ်ယောက်ကို ဖွားမြင်ခဲ့သည်။ သို့ပေမယ့် ထိုကလေးက အသက်မရှည်ခဲ့ဘဲ လသားအရွယ်မှာပင် ဆုံးပါးသွားခဲ့ရကြောင်း သတင်းစကားကြားသိရပါသည်။ မိသွယ်အတွက် ကျွန်တော် အထူးပင် စိတ်မကောင်းဖြစ်မိပါသည်။

စတုတ္ထနှစ်ကျောင်းပြန်တက်တော့ မိသွယ်တစ်ယောက် နောက်ထပ်ကိုယ်ဝန်လွယ်ထားရသဖြင့် ကျောင်းပြီးသည်အထိ ဆက်မတက်နိုင်တော့ဘဲ ကျောင်းသူဘဝတစ်ခန်းရပ်ကာ သူမဇာတိမြေမှာပင် အိမ်ထောင့်ရှင်မဘဝနှင့် စိတ်ဒုံးဒုံးချကာ အခြေချနေထိုင်ခဲ့တော့သည်။

ကျွန်တော်ဘွဲ့ယူပြီးသည့်နှစ်အထိ သူမနှင့်ကျွန်တော် လုင်္းဝ ပြန်မတွေ့ဖြစ်ကြတော့။

မိသွယ်နှင့်ကျွန်တော့်ရဲ့ပတ်သက်မှုကား ဤဘဝဤမျှနှင့်ပဲ နိဋ္ဌိတံခဲ့ရပြီဖြစ်သည်။

…………

နိဂုံး။

*အေးမြသွယ်**
_______
ပျော်သလောက်ချစ်တယ်
ချစ်သလောက်ပျော်ခဲ့တယ်
အဆုံးစွန်ထိ
ငါတို့ချစ်ခြင်းတွေ မီးဟုန်းဟုန်းတောက်ခဲ့ကြပါတယ်။
နွယ်တစ်ပင်လို နှောင်ငင်ရစ်ဖွဲ့
တိမ်မျှင်တစ်စလို
လွင့်ပါးပျောက်ရှသွားခဲ့တယ်
အေးမြသွယ်။     ။
________
နရသူ

(အချစ်တက္ကသိုလ်)

**
Keep yourself from opportunities, and God will keep you from sins.
**

သင့်ကိုယ်သင် အခါအခွင့်သင့်သလို ထိန်းသိမ်းပါက ဘုရားသခင်သည် သင့်အား အပြစ်မှကယ်တင်ပါလိမ့်မည်။

_____________

ပြီးပါပြီ။

စာရှုသူအပေါင်းတို့အား အစဉ်ထာဝရ ချစ်ခင်လေးစားလျက်

နရသူ

No comments:

Post a Comment